
မိုးစက်မှုန်တွေကြားမှာ လျှောက်လှမ်းလာတဲ့မင်းရဲ့ ခြေလှမ်းလေးတွေ ငါအခုထိ မြင်ယောင်နေတုန်းပဲ ချစ်သူ….
မင်း…တစ်လှမ်းစီ လျှောက်လှမ်းလာတဲ့ခြေလှမ်းတွေနဲ့အတူ ငါ့ရဲ့ ရင်ခုန်သံတွေဟာလည်း စီးချက်ညီညီခုန်ပေါက်လို့နေခဲ့တယ်
သူ့ကို ကျွန်မစတွေ့တွေ့လိုက်ခြင်း မြင်လိုက်ရတဲ့မြင်ကွင်းလေး အချိန်တွေသာပြောင်းသွားမယ် ကျွန်မရင်ထဲက အဲဒီမြင်ကွင်းလေး ဘယ်တော့မှမှုန်ဝါးသွားမယ်မထင်ဘူး….ကျွန်မနဲ့သူ ဆုံဆည်းခွင့်ရတဲ့အချိန်တိုတိုလေးအတွင်းမှာ နားထောင်လိုက်ရတဲ့ သူ့ရဲ့ဘ၀အကြောင်း၊ သူ့ရဲ့မိသားစုအကြောင်းတွေ ကြားရတော့ ကျွန်မအင်မတန်မှ စိတ်မကောင်းဖြစ်မိပါတယ်။
သူ့မိသားစု အသိုက်အမြုံပြိုကွဲခဲ့စဉ်အခါက ၀မ်းနည်းဖွယ်ရာပြောနေပြန်တော့ ကျွန်မချစ်တဲ့မျက်ဝန်းညိုလေးဟာ ပြိုတော့မယ့်မိုးလို အုံ့ဆိုင်းထိုင်းမှိုင်းနေခဲ့တယ်။ အဲဒိအချိန်မှာ ကျွန်မစိတ်ထဲ မောင်နှမမရှိ၊ တိုင်ပင်ဖော်မရှိတဲ့ သူတစ်ယောက်ထဲအထီးကျန်ခံစားခဲ့ရတော့ သူ့ရဲ့ ညီမလေးတယောက်များ ဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးလေး ချက်ချင်းဝင်ရောက်လာခဲ့တယ် ။
ကျွန်မထက် ပြီးပြည့်စုံချင်ပြည့်စုံနေပေလိမ့်မယ် သို့သော် ကျွန်မကဲ့သို့ နွေးထွေးသော မိသားစု၊ အတူတူလက်ဆုံစားရမယ့် မိသားစု ထမင်းဝိုင်း၊ သူ့မှာမပိုင်ဆိုင်နိုင်ခဲ့ပေ အနိုင်ကျင့်ပြီးမုန့်လုစားရမယ့် အကိုတွေ ညီ/ညီမတွေ ငတ်မွတ်ခဲ့တဲ့သူ့အတွက် ညီမလေးတယောက်အဖြစ် ရှိနေပေးခဲ့ချင်ပြန်တယ်။ အဲဒီလို သူငတ်မွတ်ခဲ့တဲ့ မိသားစုအသိုက်အမြုံ တစ်ခုရဲ့ နွေးထွေးအေးမြလှတဲ့ မေတ္တာရိပ်မျိုးပေးချင်ခဲ့တယ် အချစ်ဆိုတာ သူ့အပေါ်ထားတဲ့ စေတနာသန့်သန့်ဆိုရင် ကျွန်မရဲ့ စေတနာသန့်သန့်တွေဟာ သူ့အတွက် ကျွန်မရဲ့အချစ်တွေဖြစ်ပါစေ။
သူု့ရဲ့ငယ်စဉ်ကျောင်းသားဘ၀အကြောင်းတွေပြောပြတော့ သူဟာ သိပ်ပျော်တတ်တဲ့ ကလေးတယောက်ပဲဆိုတာ ကျွန်မသိလိုက်ရတယ်။
ကျောင်းခန်းထဲမှာ ဘုရားစင်ကို အတန်းဖော်ကောင်မလေးတွေ မမှီနိုင်အောင် အမြင့်ကြီးရိုက်ပေးထားတယ်ဆိုတဲ့သူ့ရဲ့ ရွှတ်နောက်နောက်နဲ့ အမြဲတမ်းပဲပျော်နေတတ်တာကို ကျွန်မ မြင်လိုက်ရပါတယ် တခါတလေ ကောင်မလေးတွေအတွက် ရေမခပ်ပေးပဲ သူတို့ကျတော့ ရေဘူးလေးတွေ အိတ်ထဲထည့်ပြီးသောက်နေတာမျိုး နောက်ပြီး စက်ဘီးရဲ့စမုတ်တံနောက်ကို ရေဘူးညှပ်ပြီး တဘတ်ဘတ်နဲ့မြည်နေတာကို အသားကုန်နင်းပြီး သူ့မြင်ရင် သိပ်ကြောက်တဲ့ကောင်မလေးနောက်ကို လိုက်ပြီး စခဲ့တယ်ဆိုတာတွေ ။ ကျောင်းကို လှေစီးပြီးမှ သွားတတ်ရတဲ့ သူတို့မြို့လေးအတွက် လှေပေါ်မှာ သူအရင်ရှိနေရင် မလိုက်ရဲလို့ ကျောင်းမတတ်လိုက်ရတဲ့ သူငယ်ချင်းတွေတောင်ရှိတယ်ဆိုတဲ့ သူ့ရဲ့အစအနောက်သန်မှူ ၊ အဲဒိလောက်ထိ အစအနောက်သန်ပြီး သူများကို စိတ်ဒုက္ခရောက်အောင် ကြံဖန်တွေးတောပြီး ဖန်တီးတတ်တဲ့သူ့ကို ကျွန်မနဲ့ တစ်တန်းထည်း အခန်းဖော်သာဖြစ်ခဲ့ရင် ကျွန်မနဲ့တော့ တောက်ရှောက်ကို ရန်ဖြစ်ဖော် ရန်ဖြစ်ဖက် ဖြစ်မှာပဲလို့ ကျွန်မတွေးမိခဲ့သေးတယ် ။ ကျွန်မကို ချစ်ပါတယ်ဆိုတဲ့ စကားတခွန်းဟာလည်း သူအပြောင်အပြတ်ခပ်ပေါ့ပေါ့ ပြောခဲ့တဲ့စကားလားဆိုတာ ကျွန်မအကြိမ်ကြိမ် စဉ်းစားခဲ့မိသေးတယ် ရင်ထဲက လာခဲ့တဲ့စကားပဲဖြစ်ဖြစ်၊ သူ့ရဲ့အစအနောက်သန်တဲ့အကျင့်ကြောင့်ပဲဖြစ်ဇြစ် သူပြောခဲ့တဲ့ စကားလေးတခွန်းကိုတော့ ကျွန်မတန်ဖိုးထားခဲ့မိပါတယ်……..
နောက်သူပြောခဲ့တဲ့သူ့ဘ၀အကြောင်းတစ်နေရာမှာလည်း သူ့ရဲ့ ထူးချွန်ထက်မြတ်မှုတွေကို မာန်မာနကင်းစွာ ကျွန်မကို အရိုးရှင်းဆုံး ပြောပြနေခဲ့တယ် ။ အထိမ်းအကွပ်မရှိ တစ်ကောင်ကြွက် ပေတေနေတတ်ပြီး ဘာကိုမှအလေးအနက်မထားတတ်တဲ့ သူ့စရိုက်ကြောင့် စာစီစာကုံးပြိုင်ပွဲဝင်ဖို့ ခေါင်းစဉ်ပါမေ့နေခဲ့တဲ့သူ့ကို ..ဆရာမသတိပေးမှ စာဖြေခန်းထဲ ရောင်လည်လည်ရောက်သွားပြီး ခပ်လှမ်းလှမ်းက ကြားနေရတဲ့ သီချင်းတပုဒ်ကို ကိုးကားပြီး ဖြေလိုက်တဲ့သူ့ရဲ့အဖြေလွှာမှာ ပထမရနေခဲ့တယ်ဆိုတဲ့ သူ့ရဲ့ဖြတ်ထိုးဥာဏ်ကောင်းပြီး စာတော်တဲ့ သူ့အကြောင်းသိရပြန်တော့ ကျွန်မကိုရော မာယာတွေနဲ့လှည့်ဖျား ပုံတွေပြောပြီး ထားသွားခဲ့မှာလားလို့ ကျွန်မစိုးရိမ်ခဲ့မိ သေးတယ်..သူနဲ့တွေ့ခွင့်ရတဲ့ တစ်နေ့တာကာလ အချိန်တိုတိုအတွင်းလေးမှာ..
ဆုံးမမဲ့သူမရှိ၊ပေတေလေလွင့်နေခဲ့တဲ့သူ့ကို မင်း ဆယ်တန်းတောင်အောင်မှာမဟုတ်ပါဘူးလို့ပြောခဲ့တဲ့ သူ့ရဲ့အဖေဆီကို ဘွဲ့လက်မှတ်တွေ တစ်ပွေ့တစ်ပိုက်နဲ့ပြန်သွားခဲ့တဲ့ သူ့ရဲ့မခံချင်စိတ်နဲ့ကြိုးစားမှုလေးကို ကျွန်မစိတ်ထဲကနေချီးမွန်းနေမိပါတယ်..စာတပုဒ်ကို အတော်ကြာစဉ်းစား၊ ခက်ခဲနက်နဲတဲ့ပုစ္ဆာ တွက်ရချက်ရတာကို သိပ်သဘောကျပါတယ် သိပ်စိတ်ဝင်စားပါတယ်ဆိုတဲ့ သင်္ချာဘာသာရပ်လို ကျွန်မကိုရော ဘာတွေနဲ့တွက်ချက် အဖြေထုတ်အုံးမှာလဲလို့ ကျွန်မတွေးခဲ့မိသေးတယ်..အဲဒိအချိန်တိုတိုအတွင်းလေးမှာ…
တစ်ယောက်ထည်းသော သားအတွက်တောင် မငဲ့ကြပဲ၊ မာနချင်းပြိုင် အတ္တတွေ သိပ်ကြီးကြတဲ့ သူ့မိဘနှစ်ပါး ၊ အဆင်မပြေတဲ့ အိမ်ထောင်ရေးကြားထဲမှာ တစ်ကောင်ကြွက်တစ်မျက်နှာနဲ့ ဘယ်သူ့ဆီမှာ နွေးထွေးတဲ့မေတ္တာရှာရမယ်မသိတဲ့သူ.. မိဘရဲ့ ရင်အုပ်မကွာအုပ်ထိန်းရမယ့်အချိန်မှာ တစ်ယောက်ထဲ လွင့်နေခဲ့တဲ့သူ့ရဲ့ ဘ၀ ၊ လမ်းဘေးထမင်းဆိုင်ကိုအဖော်ပြု အဆောင်ကို အိမ် သတ်မှတ်ပြီး ကြီးပြင်းလာတဲ့သူ၊ အချိန်မှန်စား ၊ အချိန်မှန်အိပ်ပြောမယ့်သူမရှိတဲ့ သူ့ဘ၀အတွက် မွေးရာပါလာတဲ့နှလုံးရောဂါနဲ့ အစားမမှန်လို့ဖြစ်တဲ့ အစာအိမ်နာတဲ့ရောဂါ၊ ကျွန်မနဲ့အတူရှိနေစဉ်အချိန်တိုအတွင်းမှာတောင် မခံမရပ်နိုင်အောင်ခံစားနေရတာကို ကျွန်မမြင်တွေ့လိုက်တော့ သူ့ရဲ့ကျန်ရှိနေသေးတဲ့ဘ၀အစိတ်အပိုင်းတစ်ခုလေးကို ကျွန်မရဲ့နွေးထွေးတဲ့မေတ္တာရိပ်နဲ့ အေးမြစေချင်ခဲ့တယ် ……။
အထီးကျန်အဖော်မဲ့နေတဲ့အချိန်တွေကုန်ဆုံးချင်လို့ သူ့ရဲ့ဘ၀အတွက် လက်တွဲဖော်ရှာခဲ့တော့လည်း သူတန်ဖိုးထားတဲ့ သစ္စာတရားရှိသူ တစ်ယောက်တစ်လေတောင် မတွေ့ခဲ့ဘူးတဲ့.. အဲဒီလိုပြောတော့ သူဘယ်နှစ်ယောက်လောက်များဆီက သူလိုချင်တဲ့သစ္စာတရားကို ရှာဖွေခဲ့ပါလိမ့်လို့ ကျွန်မ မဆီမဆိုင်သ၀န်တိုနေမိခဲ့ပြန်တယ်..အဲဒီသူနဲ့တွေ့ခွင့်ရခဲ့တဲ့ တစ်နေ့တာအချိန်တိုတိုအတွင်းလေးမှာ…
ကျွန်မအတွက် အဲဒီတစ်နေ့တာကာလလေးမှာ သာယာစရာ၊ မက်မောစရာ အိမ်မက်ချိုတွေကို ချန်ထားပေးခဲ့ပြီး…………….
နောက်……………………
အောင်မြင်မှုတွေနဲ့မှ အိမ်ပြန်မယ်ဆိုတဲ့သူ့ရဲ့ မခံချင်တဲ့မွေးရာပါစိတ်ကြောင့် အလုပ်ကြိုးစားနေတဲ့အချိန် ကျွန်မနဲ့လည်းမတွေ့နိုင် ၊ အွန်လိုင်းမှာလည်းရောက်မလာ ၊ ဖုန်းလည်းမဆက်ခဲ့တဲ့ သူ့ကို ကျွန်မဗွေမယူခဲ့သလို ။ တစ်ယောက်ထဲသောသူ့အတွက် တစ်ယောက်ထဲအင်အားနဲ့မမျှတဲ့ အလုပ်တွေနဲ့ ပိနေတဲ့ သူ့ကို ကျွန်မ နားလည်ခဲ့တယ် ဘာ့ကြောင့်လဲဆိုတော့ အချစ်ဆိုတာ အရာအားလုံးကို နားလည်ခွင့်မှုတဲ့လေ….
သစ္စာတရားကိုတန်ဖိုးထားတဲ့သူ သစ္စာတရားကို ရှာဖွေနေတဲ့သူ ကျွန်မဆီမှာ ရှိမယ်ထင်တယ်ဆိုတဲ့ သစ္စာတရား သူတွေ့မှာပါ သူတွေ့နိုင်မှာပါ လို့ ကျွန်မရေရွတ်နေမိတယ်။ သူနဲ့ကျွန်မနီးဖို့ သူပြောသွားခဲ့တဲ့ နှစ်နှစ်ဆိုတဲ့ကာလတစ်ခုဟာ ကျွန်မအတွက် သိပ်ကိုရှည်လျားမဲ့ ကာလကြီးပဲလို့ ကျွန်မထင်တယ် ။ ကျွန်မမျှော်နေမယ်မှန်းသိရက်နဲ့ ရောက်မလာနိုင်သလို တစ်ခါတစ်လေအွန်လိုင်းရောက်လာရင်လဲ မေးလ်ချက်ခ် မေးလ်ပို့နဲ့အလုပ်များနေမှာပဲ ဆိုပြီး ကျွန်မ နှုတ်မဆက်ဖြစ်ပါဘူး ဒါပေမယ့် သူဘယ်လောက်အလုပ်များနေသည်ဖြစ်စေ ကျွန်မ သူ့ကို နေကောင်းရဲ့လားဆိုတဲ့ စကားတခွန်းကိုတော့ဖြင့် မေးဖြစ်အောင်မေးပါတယ် ။ သူနဲ့အဆက်အသွယ်ပြတ်ခဲ့သည်ဖြစ်ဖြစ် သူတစ်နေရာရာမှာ သက်ရှိထင်ရှားရှိနေ သေးတယ်ဆိုတဲ့အသိလေးနဲ့တင် ကျွန်မအတွက် လုံလောက်လို့ပါ..
သူချစ်သော အမိမြေ၊သူချစ်တယ်လို့ပြောသော ကျွန်မကို သူထားပြီးထွက်သွားရအုံးမည် မတူညီသော ဘာသာတရား၊ မတူညီသော ယဉ်ကျေးမှု တွေရှိတဲ့နေရာသို့ ထွက်သွားရအုံးမည် ။ သူပြန်လာမည်ပြောခဲ့သည်။ ကျွန်မဆီသို့သူရောက်လာသည် ဖြစ်စေ၊မရောက်လာသည် ဖြစ်စေ ကျွန်မစောင့်ထိန်းသော သစ္စာတရားကို ကျွန်မသက်သေပြရမည်။ သူအလေးအနက်ထားသော သစ္စာတရား၊ ကျွန်မဆီမှာရှာဖွေတွေ့နိုင်မယ်ဆိုတာတော့ သူသိလိမ့်မည်မထင်……..
သူနှင့်ကျွန်မ ဆုံတွေခွင့်ရသော တနေ့တာကာလတုန်းက သူပြောခဲ့သည့် ကျွန်မနဲ့ရှိနေရတာဟာ သူ့အတွက် ပျော်ရွှင်မှုတွေအများကြီးကို ပေးစွမ်းနိုင်တာပဲတဲ့..
ကျွန်မက အဲလိုပျော်ရွှင်မှုမျိုးကို သူ့ဘ၀တစ်ခုလုံးကို ကျွန်မက ပေးချင်ခဲ့တာ..သူပြောသလို ပူလောင်နေတဲ့ရင်ကို ငြိမ်းချမ်းအေးမြတဲ့ အပြာရောင်အလံတစ်လက် သူ့နှလုံးအိမ်မှာ စိုက်ထူပေးချင်လှပါသည်။
ပျော်ရွှင်စရာ နေ့လေးတစ်နေ့ပေးပြီး တာဝန်ကျေသွားသည်ထင်ပါရဲ့ ယနေ့ထိတော့ ကျွန်မတွင်ရှိမည်ထင်သော သစ္စာတရား သူပြန်လာမရှာဖွေသေးပါ သူကျွန်မဆီပြန်မလာဖြစ်လဲ့လျှင်၊ ကျွန်မဆီမရောက်လာခဲ့တော့လျှင်… သူ့အားကျွန်မ အပြစ်တင်မည်မဟုတ်ပါ။ ဘာမှဆုံးဖြတ်မည်မဟုတ်ပါ။ လူတစ်ယောက်ကိုမြတ်နိုးတယ်ဆိုတာ သူ့ရဲ့လုပ်ဆောင်ချက် ၊သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို ယုံကြည်ထားတာ ပါတဲ့လေ။
ကျွန်မအတွက် ကြည်နှူးဖွယ်ကောင်းလှသော နေ့တစ်ရက် ပိုင်ဆိုင်ပြီးပြီ …ကျွန်မဘာတွေလိုအပ်အုံးမှာလဲ….
(ဟိန်းလေး)