မေမေ


သူကျမထက် အသက် ၃၀ နှစ်ကြီးတယ် 
ကျမငယ်ရွယ်သေးတဲ့အချိန်မှာ သူက အိမ်ထောင့်တာဝန်တွေကို ကသောင်းကနင်းထမ်းရွက်နေခဲ့ပြီ
သူ့ရဲ့လက်ပိန်ပိန်လေးတွေက ပခက်ကြိုးကို တင်းတင်းဆွဲကိုင် လှုပ်ရမ်းလို့ ကမ္ဘာကြီးတခုလုံးကို ပိုင်ဆိုင်ရသလို ကျေနပ်နေခဲ့တယ်
တခါတခါ သူဘာကြိုက်တတ်တယ်ဆိုတာကိုတောင်စဉ်းစားမရတတ်ပေမယ့် သူ့မိသားစုရဲ့ အကြိုက်ကိုတော့ တဦးချင်းဆီ အသေးစိတ်မှတ်မိနေတတ်တယ်
ငယ်ရွယ်သေးတဲ့အချိန်မှာ ဘ၀ရဲ့အလှအပဆုံး အချိန်တွေကို သူဘယ်လိုအင်အားတွေနဲ့ ဖြတ်သန်းခဲ့ပါလိမ့် အမြဲ သိချင်နေတဲ့ မေးခွန်းတခုကို သူ့ကို တခါမှ မမေးဘူးခဲ့ပါ   သူ့ဘ၀ အမောတွေကို ဘေးလူ တယောက်အနေနဲ့ မြင်ကြည့်ခဲ့ပေမယ့် သူကိုယ်တိုင်ကတော့ မေ့လျော့ နေခဲ့သတဲ့လေ သူမောပန်းခဲ့တဲ့ အတိတ်တွေကို ပြန်လည် တူးဆွတိုင်း သူ့မျက်နှာမှာ ကျေနပ်ပြုံးတွေပဲ ရှာတွေ့ခဲ့တယ်
နာကျည်းနေတဲ့ ပုံရိပ် .. ဘယ်တော့မှ မမြင်ဘူးခဲ့ သူမမောပန်းခဲ့ဘူးလား ဘယ်လိုအင်အား တွေက သူရပ်တည်နိုင်အောင် ပြုပေးခဲ့ပါသလဲ နားမလည်နိုင်ခဲ့တယ်
ကိုယ့်ဘ၀တခုလုံးကို ပေးဆပ်ခြင်းနဲ့ ရပ်တည်နိုင်ဖို့ဘယ်လို စိတ်ဓါတ်တွေထားခဲ့သလဲ
အရေအတွက်နည်းပေမယ့် နှိုင်းဆလို့ မရတဲ့ မေတ္တာတွေ သူပေါများခဲ့တယ်
အရာရာကို ကိုယ့်အတွက် မေ့လျော့ပြီး သူပေးဆပ်ခဲ့တယ်
သူဘယ်လို အနစ်နာခံနိုင်ပါသလဲ သူက မှတ်တမ်းမ၀င်ပေမယ့် သူ့စေတနာတွေကတော့ ကျောက်သားထက် တည်မြဲနေသလို ခိုင်မာတည်ရှိနေခဲ့တယ်
အရာရာတိုင်းကိုပေးဆပ်ဖို့အတွက် သူ့ရင်ဘတ်ထဲမှာ ဘယ်လိုအရာမျိုးကို သိုလှောင်ထားပါသလဲ
သူရပ်တည်နေတဲ့ နေရာက မိသားစုအတွက် မရှိမဖြစ်တဲ့ နေရာတခုလေ
သူအားငယ်စွာနဲ့ ရပ်တည်နေတဲ့ နေရာတခုဟာ ဘယ်လောက်တန်ဖိုးကြီးမားတယ်ဆိုတာ သူမသိလေရော့သလား အရာရာထက်ကြီးမြတ်တဲ့ နှိုင်းတုလို့ မရတဲ့ နေရာ တခုက သူ…သူ
သူ့ကိုပိုင်ဆိုင်ခွင့်ပေးသော ကံတရားအား ကျေးဇူးတင်ပါသည်။
(မေမေ…. အသက်ရာကျော်ရှည်ပါစေ)