ချောင်းနဘေးက ရွာ.......

ရန်ကုန် - မန္တလေးအဝေးပြေးလမ်းမကြီးပေါ် တရိပ်ရိပ်နဲ့ စက်ဘီးလေး ပြေးနေသည်။
ဘေးတဖက် တချက်စီမှာလဲ ကုက္ကိုပင်ကြီးတွေက အုပ်ဆိုင်းလို့ .. ကုက္ကိုပင်ကြီးတွေဘေးမှာတော့ လယ်ကွင်းပြင်တွေ...ကတ္တရာလမ်းအစွန်းဘေးကိုစက်ဘီး ဘီးလေးကျသွား လိုက်တိုင်း ကျောက်စလစ်ခဲတွေ. .လမ်းကကြမ်းလွန်းသဖြင့် ဘီးကလေးကတဒုန်းဒုန်း တုန်ခါနေသည်။ ကတ္တရာ လမ်းမကြီးပေါ်ထက် အလယ်မှာတော့ ချိုင့်ခွက်တွေက နေရာ ကြိုးတို့ကျဲတဲ  လမ်းမပေါ်ကို စက်ဘီးလေးက ရောက်သွားလိုက် ကတ္တရာလမ်းအဆင်းကျောက်စလစ်ခဲလေးတွေဆီ တလှည့်ရောက်လိုက်....
ရန်ကုန်-မန္တလေးကားလမ်းဖြစ်တော့ကုန်တင်ယာဉ်တွေကတ၀ီဝီ.... စက်ဘီးလေးရဲ့ဘေးနားက   ဖြတ်ဖြတ်ကျော်သွားတိုင်း   အေးခနဲ ......အေးခနဲ....
ချောင်းရေက တွင်တွင်စီးနေသည် ။ ချောင်းကမ်းနံဘေးမှာလဲ ကိုင်းပင်ရှည်ရှည်တွေက အစီအရီ.... မိုးတွင်းကာလမို့ထင် ချောင်းရေက ကမ်းပြည့်လု... .ရေတက်ပြီးတိုက်စားကျန်ခဲ့သည့်နှုန်းမြေတွေကလဲ ကမ်းပါးဘေးခဲရောင်ထနေသည်။ ရေကတောင်ကျရေမို့ အနည်းငယ်ဝါကျင်ကျင်နိုင်လှသည်။ သည်ချောင်းကို ဖြတ်ဆောက်ထားတဲ့ ငွေရောင်တံတားလေး...... ရန်ကုန်မန္တလေး ကုန်တင်ကားတွေ သွားသည့်အတွက် အနည်းငယ်ဟောင်းပေမယ့် ခိုင်ခန့်လှသည် ။ ဒါပေမယ့် ကားနှစ်စီးဖြတ်ရှောင်ရင်တော့ ခပ်ကျပ်ကျပ်ဖြစ်မည်။ သည်ကြားတဲ့ စက်ဘီးလေးရောက်သွားရင်တော့ မတွေးရဲ... ဒါ့ကြောင့်စက်ဘီးလေး တံတားကိုဖြတ်ဖို့ရှေ့မှာကားကြီးတွေရှိမရှိ လှမ်းမျှော်ကြည့်ရသေးသည်။ ကားကြီးတွေရှင်းမှ စက်ဘီးလေး တံတားပေါ်ဖြတ်လာသည်။တံတားအောက်မှာရေကတသွင်သွင်စီးဆင်းနေသည်။  ငွေရောင်တံတားလေးကိုဖြတ်ညာဘက်ကိုချိုးကွေ့လိုက်လျှင် ချောင်းကမ်းပါးဘေး လမ်းကျဉ်းကျဉ်းလေးကိုရောက်ပြီ...အကွေ့အကောက်များသောလမ်းကျဉ်းလေးက မြင်ရလိုက်ပျောက်သွားလိုက်
ကမ်းပါးရိုးလမ်းကျဉ်းလေးမှ စက်ဘီးလေးတဖြေးဖြေး ခရီးနှင်ခဲ့ပြီ.......

လယ်ကွင်းတွေမှ စိမ်းနုရောင် စပါးပင်လေးတွေ လေယူရာအတိုင်း ယိမ်းနွဲ့လှုပ်ရှားနေသည်။ လယ်ကွင်းနံဘေးမှာ စေတီတဆူက ထုံးဖြူဖြူဖွေးနေသည်.... ဘုရားပန်းအိုးလေးတွေက အနည်းငယ် ညစ်နွမ်းနေသော်လည်း ပန်းလေးတွေက လန်းနေသည်။ ရွာအလွန်က စေတီလေးက သပ္ပါယ်လျှက်ရှိသည်။
စိမ်းနုရောင်လယ်ကွင်းပြင်တွေကို ဖြေးဖြေးချင်းကျော်ဖြတ်လာသည်။ ကမ်းပါးရိုးဘေးဘက်မှာ အဝေရာပင်တွေက ခြံစည်းရိုးသဖွယ်ပေါက်နေသည်။ ပြီးရင် ကုန်းဆင်းပြေပြေလေး အဆင်းမှာ လှည်းလမ်းကျောင်းလေးမကြီးခဲကြီးတွေကြားမှာပ်ါတ၀က်ပျောက်တ၀က် လှည်းလမ်းဘေး မှာ တောရိုင်း ပန်းပင်လေးတွေက အစီအရီ နောက်...စိမ်းနုရောင်လယ်ကွင်းပြင်တွေ ။ လမ်းကျဉ်းလေးက အကွေ့ အကောက်များလှသည် ။  လေကတဖြူးဖြူးတိုက်နေသည်။ စက်ဘီးလေးက တရိပ်ရိပ်ပြေးနေသည် ။ နေခြည်နုနုကနွေးထွေးနေသည်။ 

မြင်နေရပါပြီ လယ်ကွင်းပြင်ဘေး စာသင်ကျောင်းသေးသေးလေး ကျောင်းပိတ်ရက်မို့ထင် စာသင်ကျောင်းမှာ ကျောင်းသားကျောင်းသူတွေ မတွေ့ရ။ စာသင်ကျောင်းလေးလွန်တော့ ရွာလယ်လမ်းမကို တဖြေးဖြေးချင်း စက်ဘီးလေးရောက်လို့လာသည်။ အိမ်လေးတွေ၊ ခြံဝင်းထဲမှာ နှစ်အိမ်သုံးအိမ် ဆောက်ထားကြသည်။ နောက် အိမ်ဈေးဆိုင်နှင့် တွဲလျှက် အိမ်ကိုလည်းတွေ့ရသည်။ ရွာလယ်လမ်းမက အနည်းငယ်တော့ ကျယ်ဝန်းသည်။ မိုးတွင်းကာလမို့ လှည်းလမ်းချောင်းရာတွေနှင့် စက်ဘီးလေး အဆင်မပြေပါက ထိုရွံ့တွေထဲ နစ်မြုပ်သွားနိုင်သည်။ သူ့ကိုတွန်းမည်ဆိုလျှင်ရော လူသွားစရာ လမ်းကျဉ်းလေးနှင့် စက်ဘီးလေးက ရွံ့ထဲကို အမှန်ပင်ဆင်းရမည်ဖြစ်သည်။ ရွံ့တွေထဲ စက်ဘီးလေးသာ လဲသွားလျှင် ဆိုသောအတွေးနှင့် ဖြေးဖြေးချင်း ခရီးဆက်ခဲ့သည်။ ။ခြံဝင်းက ကျယ်ကျယ်  ရှေ့မှာ မြက်ခင်းပြင်၊ မြက်ခင်းပြင်ကိုဖြတ်ပြီးလူသွားလမ်းသေးသေးလေးဖြစ်နေသည်။
နွားတင်းကုပ်ဘေးက ရေတွင်းလေး .သူရဲ့မျက်နှာချင်းဆိုင်မှာတော့ နှစ်ထပ်အိပ်အကြီးကြီး ....နံကပ် ပျဉ်ထောင်နှစ်ထပ်အိမ်ကြီးဖြစ်သည်။ ဘေးမှာမီးဖိုချောင်နှင့် တဆက်ထည်း တွဲဆောက်ထားသည်။ တောရွာတို့၏ ထုံးစအတိုင်း မီးဖိုဆောင်က အကြီးကြီး.... မျိုးစေ့တွေ ၊ ခူးပြီးသား သီးနှံတွေ ၊ ကြွက်ချောက် တန်းပေါ်မှာလဲ ပြောင်းဖူးခြောက်တွေ စီတန်းချိတ်ဆွဲထားသည်။ 
ထမင်းဟင်းချက်သည့်နေရာတွင် ထင်းပုံအကြီးကြီး... အုန်းလက်ဖက်တွေလဲ ပါသည်။ အဝေရာပင် ကိုင်းခြောက်တွေလဲပါသည်။ သစ်စတွေလဲပါသည်။ ၀ါးခြမ်းပြားတွေလဲပါသည်။ ထင်းမီးကြောင့်ထမင်းအိုးရဲ့ အိုးဖင်ကမဲတူးနေသည်။ ရေနွေးခရားအိုးကိုလဲ အုတ်မီးဖိုပေါ်တင်ထားသည်။ ဘေးက ဟင်းချက်ဒယ်ပိုင်းက အိုးမဲဖြင့် မှောင်မိုက်နေသည်။ မီးဖိုချောင်ဘေး အပေါက်သေးသေးလေးကနေထွက်လိုက်လျှင် ခုံအမြင့် အလတ် တလုံးရှိသည်။ ထိုခုံပေါ်တွင် ထမင်းချက်ရေကို အိုးတလုံးဖြင့် တည်ထား သည်။ ဘေးကဇလုံထဲတွင် ပန်းကန်ဆေးရေထည့် ထားသည်။ ဘေးမှာကြွေရေသုတ်သံပန်းကန်သေး တခုထဲတွင် ဆပ်ပြာကြမ်း (သဲဆပ်ပြာ) နဲနဲထည့်ထားသည်။ ပန်းကန်းဆေးဇလုံဘေးတွင် သပွတ်အူဖတ် တဖတ်ကိုတွေ့ရသည်။
မီးဖိုချောင်နှင့် အိမ်ပေါ်လှေခါးတဆက်ထည်းဖြစ်သည်။ လှေခါးမှ တက်လိုက်လျှင် စတွေ့တွေ့ချင်း ဘုရားစဉ်အကြီးကြီး ၊ ပန်းတွေ ဝေနေသည်။ ဘုရားဆင်းတုတော်ကိုလည်း သပ္ပါယ်စွာဖူးတွေ့ရသည်။  အိမ်ကြီးရဲ့ညာဘက်တွင် ဘီဒိုအလတ်တလုံး နောက် ဘီဒိုအကြီး တလုံးကို နံရံအတွင်းသို့ ထည့်သွင်း ထားသည်။ ဘေးမှာ အိပ်ခန်းတခန်း နှင့်ဆိုလျှင် စုစုပေါင်းအိပ်ခန်းနှစ်ခန်း ရှိသည်။ လှေခါးဘယ်ဘက်တွင် တခါးပေါက်တပေါက် ဘေးတွင် ၀ရံတာ တခုရှိသည်။ ၀ရံတာဘေးတွင် ဘက်ထရီ အကြီးကြီးတွေ့ ရသည်။နံရံတွင် ရုပ်ရှင်မင်းသားမင်းသမီးပုံတွေ သံနှင့်ရိုက်ကပ်ထားတာတွေ့ရသည်။ တောရွာသဘာဝအရ လျှပ်စစ်မီးမရှိသဖြင့် ဘက်ထရီဖြင့် မီးချောင်းထွန်းရဟန်ရှိသည်။ အိမ်အထူကြီးဖြင့် တီဗွီတလုံး ကိုတွေ့ရသည်၊ ပြီးလျှင် တိပ်ခွေထိုးစက် တလုံး ပြီးလျှင် ဆောင်းဘောက်စ် အကြီးကြီးနှစ်လုံး အစီအရီထားထားသည်။ ၀ရံတာကထွက်ပြီးဘယ်ဘက် ကြည့်လိုက်လျှင် မီးဖိုချောင်ခေါင်းမိုးကိုမြင်ရသည်။ ၀ရန်တာမှညာဘက်စွန်းကို မျှော်ကြည့်လိုက်လျှင် မျက်ခင်းပြင်စိမ်းစိမ်း နောက် အုန်းပင် မြင့်မြင့် ၊ သရက်ပင်အုံ့ဆိုင်းဆိုင်းနောက် အုန်းဖက်များဖြင့် ကာထားသော စည်းရိုး ၊ စည်းရိုးလွန်တော့ စိမ်းနုနုလယ်ကွင်းပြင်ကိုလှမ်းမြင်ရသည်။ လယ်ကွင်းတဖက်တွင် လှည်းလမ်းကျောင်းလေး ပြီးလျှင်တော့ .... ဘုန်းကြီးကျောင်းကို ခပ်ရိပ်ရိပ်လေး လှမ်းမြင်ရသည်။

ဟိန်းလေး
(3.7.2013)
2း10