အောင်ဆန်း အမွေတောင်းခန်း

လွန်ခဲ့တဲ့ (၆၆)နှစ်ဝန်းကျင်ကာလရဲ့ တစ်နေ့သောရက်မှာပေါ့.....မြန်မာပြည်အလယ်ပိုင်းမှာရှိတဲ့ မွေးရပ်မြေ အညာမြို့လေးကို ပြန်လာတဲ့ လူတစ်ယောက်...တစ်နှစ်ကျော်အရွယ် သူ့ရဲ့ သမီးငယ်လေးကို အနှီးဖြူလေး ပတ်ပြီး ထွေးပွေ့ လို့....ဇနီးသည်က ခြင်းတောင်းလေးတစ်တောင်း ဆွဲလို့...

ရန်ကုန်ကနေ ကျောက်ပန်းတောင်း-ကြေးနီရထား စီးပြီး နတ်မောက်ဆိုတဲ့ တောဘူတာလေးကိုရောက်....ဘူတာနဲ့ သူ့နေအိမ်က မလှမ်းမကမ်းဆိုတော့ အဲဒီတောဘူတာလေးကနေ လှမ်းအော်တယ်......

" အစ်မရေ... အစ်မ... ဗျို့... အစ်မ.... ကျုပ်တို့ လာပြီဗျ....."

ဒီအသံကြားတော့ မိခင်ဖြစ်သူက ခြံထဲမှာ သစ်ပင်စိုက်နေရာကနေ ထွက်ကြည့်ပြီး ၀မ်းပန်းတသာ တအံ့တသြ အော်ရှာတယ်..

" ဟယ်.... ဟောတော့... အောင်ဆန်းတို့ မခင်ကြည်တို့တော့........."

ဘေးအိမ်တွေကို လှမ်းအော်ပြောတယ်... ဘယ်သူရေ ဘယ်ဝါရေ.... လာကြည့်ကြပါဦးဆိုတော့ ဆွေမျိုးတွေက ပြေးထွက်လာပြီး ကြည့်တယ်.... အားလုံးက အံ့အားသင့်ကြသတဲ့....

ဘာလို့များပါလိမ့်....
သြော်...... အံ့အားသင့်ချင်လဲ သင့်စရာပါပဲလေ....

တိုင်းပြည်ရဲ့ နံပါတ်တစ်ခေါင်းဆောင်.... တပ်မတော်သေနာပတိ... ဖဆပလဥက္ကဌ....အဲဒီပုဂ္ဂိုလ်ရဲ့ ဇာတိမြေ အိမ်အပြန်မြင်ကွင်းဟာ အင်မတန်မှ သေးသိမ်ပါတယ်...
လင်မယားနှစ်ယောက် ဆွဲခြင်းတစ်ခြင်းနဲ့... ဖခင်ဖြစ်သူက သမီးငယ်လေးကို ပွေ့လို့....အဖော်မပါ... သက်တော်စောင့်မပါ.. ကိုယ်ရေးအရာရှိမပါ... လမ်းရှင်းမယ့်သူမပါ..

အဲဒီနေ့တစ်နေ့လုံး အိမ်မှာ တစ်ဝမ်းကွဲနှစ်ဝမ်းကွဲ ဆွေမျိုးတွေနဲ့ ဆူညံပွက်လောရိုက်လို့ပေါ့.... တစ်မြို့လုံးက လူတွေ ရောက်လာကြတာ... တချို့ကလဲ ပြောကြတယ်... အခုမှ ပေါ်လာတော့တယ်... နေနိုင်လိုက်တာ... မာနကြီးသွားပြီလားပေါ့....

နေ့ဘက် အချိန်တွေ ကျော်လွန်ပြီးတဲ့နောက် တဖြည်းဖြည်း ညဘက်ရောက်လာပြီ... ဆွေမျိုးတွေလဲ ပြန်ကြပြီ... လူစိမ်းတွေလဲ ပြန်ကြပြီ....

အညာညချမ်းက အေးအေးဆေးဆေး.... တမာနံ့လေးတွေ ထနောင်းနံ့လေးတွေ သင်းလို့...မြေပဲပြုတ်လေးနဲ့.... လက်ဘက်ဆီစိမ်လေးနဲ့... အဖန်ရည်အိုးလေးနဲ့.... အညာဓလေ့ မိသားစုစကားဝိုင်းလေးတစ်ခု...

အိမ်ထရံကို မှီထိုင်ရင်း အနှီးဖြူလေးနဲ့ ထွေးထားတဲ့ သမီးငယ်လေးကို သိပ်နေတယ်... ဇနီးသည်ကလဲ သူ့ရဲ့ မနီးမဝေးမှာ ထိုင်လို့.... ဒီအချိန်မှာ မိခင်ကြီးက မီးအိမ်ရဲ့ မီးစာပြင်ရင်းကနေ လှမ်းမေးလိုက်တယ်......

" ဟဲ့ အောင်ဆန်း... တစ်နေကုန် ဧည့်သည်တွေလာနေလို့ ငါ နင့်ကို မမေးရဘူး ဖြစ်နေတာ... အခုမှ မေးရတော့မယ်.... နင် ဘာကိစ္စလာတာလဲ... နင် အညာကို လာပုံဆန်းတယ် ငါ့သားရယ်..... သားအမိချင်း မျက်နှာကြည့်ရင် ငါ သိတယ်... နင် ကိစ္စမရှိဘဲ မလာဘူး.... နင် ဘယ်တုန်းက ငါ့ဆီ လာဖူးလို့လဲ... ပြောစမ်း... နင် ဘာလာလုပ်တာလဲ......."

မေးရိုးကားကား အညာသားလူရိုးကြီးက ထိုင်နေရာကနေ မိခင်ကြီးကို မော့ကြည့်ရင်း ဖြေတယ်..... အမေကို မော့ကြည့်နေပုံက ကမ္ဘာကြီးတစ်ခုလို အားကိုးတကြီး....

" အစ်မ... ကျုပ် ခင်ဗျားဆီလာတာ ခင်ဗျား မရိပ်မိဘူးလား.... " ရယ်သံကြီးနဲ့ ပြောလိုက်တယ်.....

" ပြောလေဟဲ့... ဘာလဲ...."

" ကျုပ် ခင်ဗျားဆီက အမွေလိုချင်လို့ လာတာ........ "

သားသမီး (၉)ယောက်မွေးထားတဲ့ မိခင်ကြီး..... ဘယ်သားသမီးကမှ အမွေမတောင်းဖူးဘဲ အငယ်ဆုံးသားက အမွေတောင်းတယ်ဆိုတော့ အံ့သြတကြီးနဲ့ ခါးထောက်ပြီးတော့...
" ဟဲ့ကောင် အောင်ဆန်း... နေစမ်းပါဦး.... ဘာအမွေလဲ......."

ဒီတော့ အနှီးဖြူလေးနဲ့ ထွေးထားတဲ့ သမီးကို ပြရင်း
" ဒီမှာလေ အစ်မရဲ့... ခင်ဗျားမြေးကို ကြည့်စမ်းပါဦး... ကျုပ်နဲ့ မတူဘူးလား.... "

မိခင်ကြီးက မတ်တပ်ရပ်နေရာကနေ ဆောင့်ကြောင့်ထိုင်ချလိုက်တယ်...
" မှန်းစမ်းပါဦး... တစ်နေကုန် ဟိုလူကောက်ချီ ဒီလူကောက်ချီနဲ့ နင့်သမီးမျက်နှာကို သေချာကို မမြင်ရသေးပါဘူး... ငါ ကြည့်ဦးမယ်...."

အိပ်ပျော်နေစ သမီးငယ်လေးရဲ့ ထွေးထားတဲ့အနှီးကို မျက်နှာမြင်ယုံ လှပ်ပြီး အသာကြည့်ရင်းက " အဲ... အဲ.. ငါ ခုမှ သေချာကြည့်ရတယ်... ကြည့်စမ်း... တစ်နှစ်ကျော်လေး ရှိသေးတယ်... မဟာနဖူးကြီးနဲ့ဟဲ့.... နှာတံကိုစဉ်းလို့... နှုတ်ခမ်းက ပါးပါးလေး... မေးရိုးကြီးကားလိုက်တာများ ယောက်ျားမေးရိုးကြီးလား မှတ်ရတယ်... နင့်မျက်နှာနဲ့ တစ်ခွက်ထဲပဲဟဲ့.... ငါထင်ပါတယ်.. ဒီကလေး ကြီးလာရင် နင့်လိုပဲ.. အမှန်တရားအတွက် တစ်လောကလုံးနဲ့တစ်ယောက်ထဲ ချဖို့အဆင်သင့်ဆိုတဲ့ ရုပ်မျိုး... နင့်လိုအချိုးမျိုးပဲဟဲ့......."

" ဟား...... ဟား........ ဟားးးး..........."
ရယ်လိုက်တာ... အားပါးတရ... သူနဲ့တူတယ်ပြောတဲ့ သူ့သမီးအတွက် ၀မ်းပန်းတသာ... ဟန်ဆောင်မှုမပါ... လည်ချောင်းသံကြီးနဲ့......ဆက်ပြောတယ်....

" ဟုတ်တယ် အစ်မ... ကျုပ် သူ့အတွက် အမွေလိုချင်တယ်........"
" ဘာအမွေလဲ......"

" ကျုပ် သမီးကို နားကပ် ပန်ပေးချင်လို့......"
ဒီစကားကြားတော့ မိခင်ကြီးက အာမေဋိတ်သံနဲ့..........
" ဟင်..... ဟဲ့...... အောင်ဆန်းရဲ့.... နေပါဦး.... နင် တပ်မှာ အကြီးဆုံးဆို....."
" ဟုတ်တယ်လေ အစ်မ........ ဘာဖြစ်လို့လဲ......."

" နင် တိုင်းပြည်ခေါင်းဆောင်ဆို........"

" အစ်မကလဲ ဟုတ်တယ်လေဗျာ.... အဲဒါ ဘာဖြစ်လို့လဲ......."

" နင်တို့ လင်မယားမှာ ဒီကလေးပေါက်စလေးရဲ့ နားပေါက်လေး ဟောင်းလောင်းကို ထိုးပေးစရာ ရွှေလေးတောင် မရှိဘူးလား.........."

" ဟာ..... အစ်မရာ....

ကျွန်တော် မခင်ကြည်နဲ့ နေ့တိုင်း တိုင်ပင်တယ်... အောင်ဆန်းဦးကို မွေးတော့ ယောက်ျားလေး... ယောကျာ်းလေးဆိုတာဘောင်းဘီအပြဲနဲ့ လမ်းပေါ်ပြေးနေလဲ တင့်တယ်ပါတယ် ကြည်ရယ်...... ကြည် ကို့ကို နားပူနားဆာ မလုပ်နဲ့နော်.. ကို ပိုက်ဆံမရှာတတ်ဘူး.....

အောင်ဆန်းလင်း မွေးပြန်တော့လဲ... ကြည် ရေ.. သားလေးတစ်ယောက် မွေးပြန်ပြီ.... ယောကျာ်းလေးဆိုတာ ဘောင်းဘီမပါဘဲ လမ်းမပေါ် ကျွမ်းထိုးဆော့နေလဲ လူကြည့်လို့ တင့်တယ်တယ် ကြည်ရယ်... မင်းငါ့ကို ပိုက်ဆံ မရှာခိုင်းနဲ့နော်.....

ကျုပ်တို့ ဒီလို နေခဲ့ကြတယ်...

အခုတော့ အစ်မရယ်... ကျွန်တော်က သမီးလေး..... ကျွန်တော် အများကြီး မလိုချင်ဘူး အစ်မ..... ကျွန်တော့်သမီးလေးက

ပေါက်စလေး... တစ်ကျပ်သားမလိုဘူး... ငါးမူးသားလဲ မလိုဘူး... တစ်ပဲသားတို့ နှစ်ပဲသားတို့ ကျွန်တော် နားမလည်ဘူး အစ်မရယ်.... ရွှေအကြောင်း ကျွန်တော် မသိပါဘူး... လူမြင်တင့်တယ်ရုံလေး နားပေါက်လေး ဖောက်ပြီး ရွှေလေးသေးသေးလေးကို ထိုးထည့်ပေးချင်တယ်......... ဒီအတွက် အမွေတောင်းဖို့ တက်လာတာ........ အစ်မ ကျုပ်ကို အမွေပေးပါ.......... "

အဲ့ဒီကျတော့ မိခင်ကြီးက" ဟဲ့ကောင် အောင်ဆန်း.... မပေးနိုင်ဘူး................"

"ဗျာာာာာာာာာာ..................."

အဲဒီလို့ အော်လိုက်တဲ့အသံ.... နတ်မောက်မြို့ညတစ်ညရဲ့ ခြောက်ခြားစရာအကောင်းဆုံးအသံ ဖြစ်ပါလိမ့်မယ်....

သမီးကို နားကပ်ဆင်ဖို့အရေး ဘာများလုပ်ရကောင်းမလဲလို့ တွေးရင်းနဲ့....တံတွေးကို သုံးလေးကြိမ် မျိုချရင်း ဇနီးသည်ကို တစ်ချက် လှမ်းကြည့်တယ်...

ကြည့်တဲ့ အကြည့်ကို ဘာသာပြန်ရရင်ဖြင့်......

" ကြည်ရေ.... ကိုတို့ သားအမိကြား ဆက်ဆံရေးကို မင်း အထင်သေးနေပြီလား...... ရှုတ်ချနေပြီလား.... "
ဒီအဓိပါယ်တွေ ပြည့်နေတဲ့ မျက်ဝန်းတွေနဲ့ တစ်ချက်လှမ်းကြည့်ပြီးတဲ့နောက် မျက်လုံးက ပေကလပ် ပေကလပ်... တံတွေးတွေကို အံတင်းမျိုချလို့.......... ခေါင်းငုံ့နေလိုက်တာ မျက်နှာ ပြန်မမော့နိုင်တော့ပါဘူး....

မိခင်ဖြစ်သူက ဆက်ပြီး ပြောပြန်တယ်....

" ငါပြောမယ် အောင်ဆန်း.... ငါမွေးထားတာ နင်တစ်ယောက်ထဲ မဟုတ်ဘူး.... အားလုံး သားသမီး (၉)ယောက်... နင် အငယ်ဆုံး.... ငါမသေသေးဘဲနဲ့ နင်က ကိုးပုံပုံပြီး အမွေ လာခွဲတာပေါ့....... မပေးနိုင်ဘူးဟေ့....... "

" ဟာ...... အစ်မ... ခင်ဗျားစကားဗျာ...... ဘာစကားလဲဗျာ.... အစ်မ..... ခင်ဗျားစကားကို ဒီမှာရပ်..... ကျုပ်အခု လာတောင်းတာက သားသမီး(၉)ယောက်မှာ အငယ်ဆုံးဖြစ်တဲ့ အောင်ဆန်းက ကိုးပုံပုံပြီးတော့ ကျုပ်ရသင့်တဲ့ တစ်ပုံကို ရပိုင်ခွင့်အနေနဲ့ တောင်းတာ မဟုတ်ဘူးဆိုတာကိုတော့ ခင်ဗျား သိထားဦး....... ခင်ဗျားမြေးဗျ.... မိန်းကလေး... နားကပ် ပန်ပေးဖို့ ကြံရာမရလို့ ခင်ဗျားဆီ လာတောင်းတာကို ခင်ဗျား ဒီစကားပြောတယ်....... ကြည်ရေ......... နက်ဖြန်အတွက် ရထားလက်မှတ် ၀ယ်ထားတော့.... ကိုတို့ ရန်ကုန် ပြန်မယ်...... "

အဲဒီညမှာ လင်မယားနှစ်ယောက်သား တစ်ညလုံး အိပ်မပျော်နိုင်ဘဲ အနာဂတ်ကို ငေးရင်း တွေးရင်း မောရင်းနဲ့....နောက်နေ့မိုးသောက်ယံမှာ အမွေမရဘဲ ရန်ကုန်မြို့ကို ပြန်ခဲ့ရပါတယ်...အဲဒီညမှာ လင်မယားနှစ်ယောက်သား တစ်ညလုံး အိပ်မပျော်နိုင်ဘဲ အနာဂတ်ကို ငေးရင်း တွေးရင်း မောရင်းနဲ့....နောက်နေ့မိုးသောက်ယံမှာ အမွေမရဘဲ ရန်ကုန်မြို့ကို ပြန်ခဲ့ရပါတယ်...

ကျွန်တော်တို့အားလုံးရဲ့ ကျေးဇူးရှင်.... မြန်မာ့လွတ်လပ်ရေးဖခင်ကြီး....အသက်(၃၃)နှစ်မပြည့်ခင် အသက်စွန့်သွားတဲ့သူ...ဘ၀တစ်ခုလုံးကို တိုင်းပြည်အတွက် ပေးအပ်ထားတဲ့သူ.....
ကိုယ်ကျင့်တရားနဲ့ စာရိတ္တကို တန်ဖိုးထားတဲ့သူ....သူ့ရဲ့ စွန့်လွှတ်အနစ်နာခံပေးဆပ်မှုတွေများစွာထဲက တစ်စိပ်တစ်ပိုင်း အဖြစ်အပျက်လေးပါ....

အဲဒီသူရဲ့ မွေးရပ်ဇာတိ နတ်မောက်မြေ..... သူမွေးဖွားကြီးပြင်းခဲ့တဲ့ နေအိမ်....သမီးအတွက် အမွေပြန်တောင်းတာ မရလို့ ကြံရာမရဖြစ်ပြီး အိပ်မပျော်နိုင်ဘဲ ညတာရှည်ကြီးကို
ကျော်လွန်ဖြတ်သန်းခဲ့တဲ့အိမ်.........

ကျွန်တော် ရောက်ဖူးချင်တာ ကြာပါပြီ....

လွန်ခဲ့တဲ့နှစ်နှစ်လောက်က အဲ့ဒီနတ်မောက်မြို့လေးနဲ့ ကပ်လျက် မြို့တစ်မြို့မှာ ကျွန်တော် တာဝန်ကျခဲ့ဖူးတယ်... လူကြီးတွေရဲ့ နားလည်မှုနဲ့ ကျွန်တော့်ဆန္ဒအတိုင်း အဲ့ဒီမြို့ကို မသွားဘဲ ရုံးချုပ်မှာပဲ နေခဲ့တယ်.. ဒါပေမယ့် မသွားမဖြစ်လို့ တစ်ခါတော့ သွားခဲ့ရဖူးတယ်.... လမ်းကြောင်းတစ်ခုကို တာဝန်ကျရာ မန္တလေးတိုင်းအဆုံး ပျော်ဘွယ်မြို့နယ်နဲ့ မကွေးတိုင်းအစ နတ်မောက်မြို့နယ်တို့ရဲ့ နယ်စပ်တစ်နေရာကနေ ကြိုခဲ့ဖူးတယ်... ပျော်ဘွယ်-ရွာမွန်-နတ်မောက်လမ်း တစ်နေရာကနေ လမ်းကြောင်းကို စောင့်နေရင်း သတိရမိတာက ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး.... တိုင်းပြည်အတွက် သူ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ.....

နောက်တစ်ခေါက် ကျွန်တော်ရောက်တာက မနှစ်ကပေါ့.... ပြန်တမ်းဝင်အရာရှိအဖြစ် ရာထူးတိုးခြင်းခံရလို့ အဲ့ဒီမြို့ကို release order သွားယူတဲ့ကာလ... သူများတွေ လွယ်လွယ်ရတာမှန်သမျှ ကိုယ့်ကျရင် ခက်ခဲတဲ့ကံက အကျိုးပေးပြီးသားဆိုတော့ အဲ့ဒီမြို့လေးမှာ ရက်အတော်ကြာနေနေရတဲ့အချိန်.... သွားချင်မိပြန်တယ်... ဒီမြို့ကနေ သိပ်မဝေးတော့တဲ့ နတ်မောက်မြို့ဆီကို....

ဘာသွားလုပ်ချင်တာလဲလို့မေးရင် အရာရှိတစ်ယောက်အဖြစ် စတင် တာဝန်ထမ်းဆောင်ခါနီးမှာ အဲဒီအမျိုးသားခေါင်းဆောင်ကြီးကို သွားပြီး ဂါရ၀ပြုချင်တာ....
လူသေပေမယ့် ကျွန်တော်တို့ရဲ့ ကိုယ်စီနှလုံးသားတွေမှာ အမြဲ ရှင်သန်နေတဲ့သူ.....သူတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံ....... အသက်ပေးပြီး သူယူပေးခဲ့တဲ့ လွတ်လပ်ရေး..... သူကျေးဇူးတွေက အနန္တ........ သူ့တန်ဖိုးက အန ဂ္ဃ...... အဲဒီကျေးဇူးတရားတွေကို ပူဇော်ချင်တာ......

ပြီးတော့ ကိုယ့်ကိုယ်ကို သတိပေးရင်း အဲ့ဒီ ပုဂ္ဂိုလ်ကြီးကို ကတိပေးချင်တာ........... တိုင်းပြည်ရဲ့ အမြင့်ဆုံးခေါင်းဆောင်တစ်ယောက်က သူ့သမီးကို နားကပ်ဆင်ဖို့အရေး အမေ့ဆီ အမွေတောင်းဖို့ ပြန်လာခဲ့ရတဲ့အိမ်.... ဒီအိမ်ကို ရောက်လာတဲ့ ကျွန်တော်က ကိုယ့်ဘာသာ ပြန်ဆင်ခြင်ကြည့်ချင်တာ........

အမျိုးသားခေါင်းဆောင်ကြီးရဲ့ သန့်ရှင်းဖြူစင်တဲ့ ကိုယ်ကျင့်တရားနဲ့ အကျင့်သီလ......... သူနဲ့ နှိုင်းရက်စရာမရှိတဲ့ ကိုယ်တိုင်ရဲ့ ဘ၀ရပ်တည်မှုအနေအထား...... အတတ်နိုင်ဆုံး ကြိုးစားရွေးချယ်ထားတဲ့ လက်ရှိနေရာဌာန.......... ပုထုဇဉ်တို့ရဲ့ သဘောအတိုင်း ဖြစ်လာတတ်တဲ့ လောဘကိလေသာတွေရဲ့ ဝေးရာကို အမြန်ဆုံး ရုန်းထွက်ခဲ့တဲ့ အတွေ့အကြုံ........ လုံးဝစွန့်လွှတ်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေမှာ အတတ်နိုင်ဆုံး ကိုယ်တိုင်ထိန်းသိမ်းဆောက်တည်နေတဲ့ ကိုယ်ကျင့်တရား..........

အဲ့ဒါတွေကို ပြန်ဆင်ခြင်ရင်း ရှေ့ဆက်ပြီးတော့လဲ ပိုပြီး သန့်ရှင်းတဲ့ ၀န်ထမ်းကောင်းတစ်ယောက် နိုင်ငံသားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားရပ်တည်နေထိုင်သွားပါမယ် ဆိုတဲ့အကြောင်း အမျိုးသားခေါင်းဆောင်ကြီးကို တိုင်တည်သစ္စာပြု ကတိပေးချင်တာ...........

ဒီအတွက် မနက်ဖြန် (၆၆)နှစ်မြောက် အာဇာနည်နေ့မှာ အမျိုးသားခေါင်းဆောင်ကြီးရဲ့ မွေးရပ်မြေ အညာမြို့လေးကို ခရီးထွက်ပါဦးမယ်...........


[သတင်းစာဆရာကြီး ဦးညိုမြရေးသားသော " အောင်ဆန်း အမွေတောင်းခန်း " ဆောင်းပါးကို ဆရာမောင်သာချို၏ " တန်ဖိုး " စာပေဟောပြောပွဲတွင် ဟောပြောမှုကို နားထောင်ပြီး ရေးသားခြင်းဖြစ်ပါသည်။ ဆောင်းပါးကို မဖတ်ဖူးပါ၍ အမှားအယွင်းရှိပါက သည်းခံပေးကြပါရန်။]

အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားစွာ ဦးညွှတ်ဂါရ၀ပြုရင်း..........


ဇာရည် ပွင့်