
မသွားပါနဲ့ လို့ ငါတားခဲ့ရင် နင်နေပေးခဲ့မှာလား။
တစ်ဆို့နေတဲ့ ငါ့စကားလုံးတွေ မထွက်လာတာကိုသေလောက်အောင်မုန်းတယ်။
အဲဒီညနေမှာ လေရိုင်းလည်း မပွေဘူး။ ချိုမြတဲ့ ခေါင်းလောင်းသံလည်းရှိဆဲပါ။
ငါရင်ထဲမှာသာ ဝေခွဲမရမှု့တွေ ကစုန်ပေါက်ပြေးနေကြတာ။
နင်သာကျောမခိုင်းထားရင် ရင်ဘတ်ထဲက ငါ့မျက်ရည်ကိုမြင်မယ်။
ဒါမှမဟုတ် နင်သာလှည့်ကြည့်လိုက်ရင် ငါ့ရင်ထဲက စကားတွေ ပွင့်အံ့ကုန်မယ်။
ပန်းတွေ တဖျစ်ဖျစ်ပွင့်ကြသလို ငါ့ရင်တွေ တဆစ်ဆစ်နာနေရတာ နင်ကြောင့် ။
နင်ရဲ့ ပိပြားသေသပ်တဲ့ နှုတ်ခမ်းကိုမုန်းတယ်။တာဝန်သိမှု့တွေပြောတတ်လွန်းလို့။
နင်ရဲ့ ယုံကြည်ချက်တွေကို ဖြတ်ရိုက်ချင်တယ်။ တစ်ကိုယ်ကောင်းဆန်လွန်းလို့။
နင်ရဲ့ မှင်သေသေ မျက်ဝန်းကိုမကြည့်ချင်ဘူး။ နူံးညံ့တဲ့ အရိပ်တွေ အုပ်နေလို့။
ငါရဲ့ လက်ဖျားကို သနားတယ်။ နင်တစ်ခါမှ ရဲရဲ မထွေးကိုင်ခဲ့လို့။
ပြီးတော့ မသေမချာနဲ့ အသေအချာ ဖြစ်တည်နေတဲ့ ငါ့မျှော်လင့်ချက်ကို ရိုက်ချိုးရတာ ..........
ဘယ်လောက်များ အက်ရှကြမ်းတမ်းလဲ ဆိုတာ နင်မသိလောက်ဘူး။
နင် ငါ့ နှလုံးသားကို များ နားလည်ပေးဖူးပါရဲ့လားလို့ ပြန်ဆန်းစစ်ချိန် နောက်ကျနေခဲ့ပြီ။
ငါ နင်ထင်သလောက်မှ သဘောထားမမြတ်တာ ။ အချစ်ကိုပဲ ကဗျာလို ယုယုယယရွတ်ချင်ခဲ့တာ။
နင့်ရင်ဘတ်ကိုဖွင့်ကြည့်ဖို့ သော့တစ်ချောင်းများရှိခဲ့ရင် ၀င်ခဲ့ပါရစေ။
အမှန်တရားတို့နဲ့အတူ ငါ့ချစ်ခြင်းတွေ ဖြူချင်လို့ပါ။
ဟိုးဝေးဝေးတနေရာမှာ သိပ်ထားရတဲ့ ငါ့ရင်ခုန်ခြင်းတွေ အမြဲ အိပ်စက်ပါစေ။
နေတတ်နေပြီဖြစ်တဲ့ ငါ့အလွမ်းတွေ တခါတလေတောင် မဝေလာအောင်တော့ ဆုတောင်းထားလေရဲ့။
တိုးတိုးတိတ်တိတ် ကြေကွဲရတာလောက် နာကျည်းရတာ မရှိလောက်ဘူး။
တစွန်းတစလေးတောင် နင်မသိစေရပါဘူး။ တကယ်ကို မသိစေရပါဘူး။
နင်ရဲ့တောင်ပံတွေကို အားထည့်ပါ။ နင်ရဲ့ ရှင်သန်ရာကိုပဲ စိုက်ပျိုးပါ။
ငါဆိုချင်တဲ့ သီချင်းကို ခပ်ဝေးဝေးမှာ ပစ်ထားမယ်။
နင်.................... ငြိမ်းချမ်းပါစေ။
နေညို၏ အသဲမကွဲဘူးသူများမရေးရ ပိုစ်မှ ကူးယူဖော်ပြသည်။
မမနေညိုအား ဒီနေရာမှ ကျေးဇူးတင်စွာဖြင့်
(ဟိန်းလေး)