နေ့စွဲ မဲ့ အ လွမ်း


သူက ပက်ပက်စက်စက် ရက်စက်သွားမှန်းသိသိနဲ့
ဒီအကြောင်းတွေရေးထားတဲ့စာမျက်နှာကိုပဲ ထုတ်ထုတ်ကြည့်နေမိတယ် ။
သူက ငါ့အလွမ်းနဲ့ မထိုက်တန်ဘူးလို့ သိသိနဲ့
ငါကိုယ်တိုင် သတိတရဖြစ်နေမိတာက
စဉ်းစားစရာဖြစ်နေတယ် ။
သူက ငါ့ရင်ခွင်နန်းတော်ရဲ့ သခင်
သူက ငါ့နှလုံးသားရဲ့ အတွင်းလူယုံ
သူက ငါ့မနက်ဖြန်တွေရဲ့ နံနက်ခင်း
သူက ငါ့ဘ၀ကိုကြိုးကိုင်ထားတဲ့ နတ်ဆိုးကြီး
သိပ်ချစ်မိတဲ့အပြစ်ကို
ငါပြန်ပေးဆပ်ပါ့မယ် ချစ်သူ .............
လေးလေးနက်နက်ထားစမ်းပါလို့ ပြောပါအုံးလား
မေ့တတ်လွန်းတဲ့ငါ့ကို
မှတ်မိစေအောင် ဖုန်းနံပါတ်တွေထပ်ရွတ်ပြပါအုံးလား
ဆက်ဆက်စောင့်နေပါလို့ ထပ်ထပ်မှာပါဦးလား
ခေါ်နေကြ ငါ့အတွက် နာမ်စားလေး ထပ်ခေါ်ပါအုံးလား
ငါထပ်မတွေးချင်တော့ပါဘူး
ငါထပ်မရေးချင်တော့ပါဘူး
တကယ်ဆို ဘာမှမထူးခြားတော့မယ့် ဇာတ်လမ်းကို
ခုထိ ငါက နိဂုံးမချုပ်နိုင်သေးတော့လည်း
သူက ပက်ပက်စက်စက် ရက်စက်သွားမှန်းသိသိနဲ့
ဒီအသည်းကွဲဖိုင်တွဲကိုပဲ
အမှတ်မဲ့ အသည်းနဲ့
ထပ်ထပ်ဖွင့်ဖတ်နေမိတော့တာပဲ ။

(ဟိန်းလေး)