ဒုတိယပိုင်း..........

ဒီဘူတာရုံရဲ့ ထိုင်ခုံမှာ ထိုင်နေခဲ့တာ တစ်နာရီခွဲပြည့်တော့မည်။ ကျွန်မရဲ့အကြည့်တွေကို နေရာအနှံ့သို့ဖြန့်ကျက်ထားသော်လည်း တွေ့ချင်တဲ့သူက ခုထိရှာလို့မတွေ့။ ရထားဆိုက်ချိန်ကို မှားပြောလိုက်သော သူငယ်ချင်းကို စိတ်တိုရမည်လား ၊ နာရီကို မတွက်ကြည့်ပဲ လာကြိုဖို့ပြောလိုက်သော ကျွန်မကိုကျွန်မအပြစ်တင်ရမည်လား မစဉ်းစားတတ်တော့ချေ။ ဘာပဲပြောပြော ညနေ သုံးနာရီတော့ခွဲတော့မည် ။ ကျွန်မရှာနေခဲ့သူဟာ အသားဖြူလာမှာလား ပိုညိုသွားမှာလား ၊ အရင်လို ဆံပင်ရှည်ရှည်နဲ့လား ဆိုတာကို ကျွန်မမျက်လုံးထဲပုံဖော်ရင်း လှေခါးတစ်ခုဆီသို့ အကြည့်ရောက်သွားသည်…….

ကျွန်မတွေးထင်သလို အသားဖြူမနေပါ ဆံပင်တွေရှည်မနေပါ အရင်ကထက်ပိုကြည့်ကောင်းလာတာတော့သေချာသည်။
လ အတော်အတန်ကြာမှ တခါပြန်တွေ့ဘူးသော သူဟာ ကျွန်မစိတ်ကူးထဲက ပုံရိပ်ကဲ့သို့ထပ်တူကျသည် ။နေ့လည်နှစ်နာရီထဲကရထားဆိုက်ကာ သုံးနာရီခွဲထိထိုင်စောင့်နေရသော ကျွန်မအား စောင့်နေရတာကြာပြီလားမေးသည် ။ ကြာလည်းပြသနာမရှိပါဘူးပေါ့ ၊ သူကျွန်မကိုအားနာရမှာကိုလည်းကျွန်မ မလိုလားဘူးလေ၊။ ဒါ့ကြောင့် မကြာသေးပါဘူးလို့ပဲ ပြောမိပါတယ် ၊ ခရီးပန်းလာလို့ခေါင်းထဲနောက်ကျိပြီး ဗိုက်ထဲကလည်းအောင့်လာပြီမို့ နီးစပ်ရာ မုန့်ဆိုင်တဆိုင်ဆီသို့ အထုပ်အပိုးတွေဆွဲကာ သူ့ရဲ့ဦးဆောင်မှုနောက်ကထပ်ချပ်မကွာလိုက်ဖြစ်ခဲ့လေသည်။ နောက်တော့ သူမှာပေးတဲ့မုန့်တွေနဲ့
သူဝယ်ပေးသောဆေးအား အလျှင်အမြန်သောက်လိုက်ရကာ ထိုဆိုင်လေးတွင် ပျော်စရာအချိန်များကို ဝေဒနာများဖြင့် ကုန်ဆုံးလိုက်ရလေသည်။ ၀ါးတားတားဖြစ်နေသော ကျွန်မ၏ အမြင်များအား သူ့ဆီကို ရောက်တချက် မရောက်တချက် နှင့် အလုပ်များနေသည် ။ ကျွန်မရှေ့မှာသူရှိနေတာဟာ အိပ်မက်များလား တကယ်လားဆိုတာဝေခွဲရခက်နေလောက်အောင် ခေါင်းကနောက်ကျိနေသည်။ ကျွန်မစိတ်ထဲတွင်တော့ သူနဲ့ ခုလိုအတူရှိနေရခြင်းဟာ ကျွန်မအတွက် အိပ်မက်မဟုတ်ပါစေနဲ့လို့ ထပ်ခါထပ်ခါဆုတောင်းမိနေမှာ သေချာလေသည်။ထို့နောက် ကျွန်မတည်းမည့်အိမ်သို့ သူလိုက်ပို့ပြီး ကျွန်မနှင့်အဲ့ဒီညနေလေးမှာ ခဏတာခွဲခွာခဲ့ကြလေသည်။
ရွှေရောင်တ၀င်းဝင်းနှင့် အရမ်းသပ္ပါယ်လှသောရွှေတိဂုံဘုရားကြီးရဲ့ အရိပ်အာဝါသ က ရန်ကုန်မြို့ရဲ့ မွမ်းကျပ်မှုကို ခဏအတွင်းပြေပျောက်စေသည်။ချိန်းထားသောအချိန်ထက်နောက်ကျမှရောက်လာမည်မှန်းသိရက်နှင့် ကျွန်မက ကြိုစောင့်နေမိသည်။
လက်ဝဲရစ်နှင့်လက်ယာရစ်မှားပြီးဖူးမိရန်ပြောမိ သဖြင့် ကျွန်မကို ဘာမှမသိတဲ့ ငပိန်းလေးဟု လှောင်ပြောင်ခေါ်ခဲ့သေးသည်။ သူ့မွေးရက်က ဘယ်နေ့လဲဆိုတာ ကျွန်မကို မပြောပြခဲ့သလို ကျွန်မမွေးရက်ဘယ်နေ့ပါဆိုတာလည်း ကျွန်မအားမမေးခဲ့ချေ။ ကျွန်မသိချင်ခဲ့သည်ဆိုလျှင်တောင် ကျွန်မတမင်မမေးဖြစ်တာလဲဖြစ်နိုင်ပါသည်။
ကျွန်မစိတ်နှင့်တွေးလျှင်ကြိုက်လှသည်မဟုတ်ပါ ။ဒီလိုသွားလာရခြင်းကိုလည်း ကျွန်မသိပ်မနှစ်သက်ပါ သို့သော် သီချင်းဆိုပြပါဟု အကြိမ်ကြိမ်တောင်းဆိုထားသော သူ့အသံကို နားထဲက မထွက်လို့သာ ကျွန်မ ယခုနေရာသို့ရောက်လာရခြင်းဖြစ်ပါသည်။ ဒီနေရာမှာတော့ ကျွန်မနှင့်အတူ သီချင်းဆိုရတာဝါသနာပါသော သူငယ်ချင်းတွေသာ အများကြီးပါလာခဲ့လျှင် ပိုပြီးပျော်စရာကောင်းမှာသေချာလေသည်။ထိုညနေလေးမှာ သူနှင့်ကျွန်မလမ်းခွဲခါနီး စကားတခွန်းပြောခဲ့သည် ကျွန်မသီချင်းဆိုတာ အရမ်းကောင်းတာပဲဟုဖြစ်သည်။ ကျွန်မထူးထူးခြားခြားမအံ့သြမိပါ အဘယ့်ကြောင့်ဆိုသော ထိုကဲ့သို့သော မှတ်ချက်မျိုး ကျွန်မအား ပေးလိမ့်မည်ဟု ကျွန်မကြိုတင်တွေးထားခဲ့ခြင်းကြောင့်ဖြစ်လေသည်။ရုံးပိတ်ရက်မဟုတ်ပေမယ့် ကစားကွင်းက လူစည်နေသည်။ ပေါ့ပါးလွတ်လပ်စွာပျော်ရွှင်နေသော လူငယ်၊ လူရွယ် မျိုးစုံ ပျော်ရွှင်နေကြသည်။ ကျွန်မကရော မပျော်ရွှင်နေလို့လား.... ?သူပျော်ရွှင်နေလား ၊ ကျွန်မအတွက် စိတ်အနှောင့်အယှက်ဖြစ်နေလား ၊ စိတ်ရှုပ်နေလား မတွေးချင်ပါ ........အဖြေသည် စိတ်ပျက်စရာကောင်းသော အဖြေဖြစ်ကောင်းဖြစ်နိုင်လို့ဖြစ်သည်။ ကျွန်မဟန်ဆောင်စကားတွေကို နားမထောင်ချင်လို့လဲဖြစ်မည် ။ ထို့ကြောင့် ကျွန်မနှင့်အတူရှိနေရခြင်းကို ပျော်ရဲ့လားဆိုတာ မမေးဖြစ်ခဲ့ခြင်းဖြစ်သည်။ကျွန်မကတော့ဖြင့် သူနှင့်အတူရှိနေရခြင်းအတွက် ပြောမပြနိုင်လောက်အောင်ပျော်သည် ။ ကစားစရာတွေ တခုပြီးတခုကစားသည် ဘာမှကို စိတ်ထဲခံစားချက်မရှိသော မခံစားတတ်သော ခလေးတယောက်ရဲ့ ပျော်ရွှင်မှုမျိုးဖြင့်အဲ့ဒီနေ့တွင် ကျွန်မသည် ပြိုင်ဘက်ကင်းကင်းဖြင့် ပျော်နေလေသည်။ကစားကွင်းထဲမှ အရုပ်ဆိုင်လေးတဆိုင်ကို ကျွန်မမြင်လိုက်သည် အရုပ်လေးတွေက အဖြူရောင်ချည်းလေးတွေ ပြီးမှကိုယ်ကြိုက်တဲ့ဆေးရောင်ကို ကိုယ့်စိတ်ကြိုက် ချယ်ရခြင်းဖြစ်သည်။ ရုပ်တရက်သူက အရုပ်လေးတခုကိုကောက်ကိုင်လိုက်ကာ ဆိုင်ထဲတွင် သူ့စိတ်ကြိုက် အရောင်တွေရွေးပြီး စိတ်ပါလက်ပါဆေးခြယ်နေလေသည်။ တစ်နာရီလောက် အချိန်တွေကုန်ဆုံးသွားပြီးနောက် လှပသော အရုပ်ကလေးတရုပ်အဖြစ်သူ့လက်ထဲတွင်ရှိနေလေသည်။ ထို့နောက် ကော်ဘူးလေးနှင့်ထည့်ကာ ကျွန်မအတွက် ဆိုပြီးပေးလေသည်။ သူဘာကြောင့် ဒီလို စိတ်လိုလက်ရနဲ့ ကျွန်မကိုပေးဖို့ ဒီအရုပ်လေးအားဆေးခြယ်ခဲ့သလဲဆိုတာ ကျွန်မတွေးနေဖို့အချိန်မရှိချေ အဘယ့်ကြောင့်ဆိုသော ကျွန်မအရမ်းပျော်နေလို့ဖြစ်သည်။

အတိတ်တို့လွန်သော် ဇတ်သိမ်းပိုင်းသို့.......
(ဟိန်းလေး)