အတိတ်တို့လွန်သော်



ဘာအကြောင်းမှမတွေးပဲ မျက်စိစုံမှိတ်ပြီး အိပ်ပြစ်လိုက်ဖို့ စဉ်းစားသော်လည်း လက်တွေ့မှာတော့ မအောင်မြင်ပေ ။ ဒီဇင်ဘာ ဆောင်းတွင်းနှင့်အပြိုင်အေးနေသော ကားပေါ်မှ အဲယားကွန်းက အညှိုးကြီးကြီးနဲ့ သူ့တာဝန်သူထမ်းရွက်လို့နေပေသည်။
အပြင်ကိုငေးကြည့်မိတော့ သစ်ပင်တွေက နောက်မှာ တရိပ်ရိပ်ကျန်ခဲ့သည် ။
ကျွန်မတယောက်တည်းသာအိပ်လို့လဲမပျော်၊အဲကွန်းကလဲအေးကအေးနှင့်အလွန်အမင်းကို ဒုက္ခရောက်နေသည်။
ခေါင်းထဲလည်းအေးခဲနေပြီဖြစ်သလို အတွေးတွေလည်း ဟိုဒီပျံ့ကာနှင့် မိုင်တိုင်တွေလည်း တစ်တိုင်ပြီးကျော်လွန်လာခဲ့သည်။

ကားကတုန့်ကနဲရပ်လိုက်မှသတိပြန်ဝင်လာသည်ကားဆရာ၏ စကားသံအချို့ကိုလည်းကြားရသည် ဘာတွေမှန်းတော့မသိ နားမထောင် တာလည်းဖြစ်နိုင်သလို မကြားတာလည်းဖြစ်နိုင်သည်။ နာရီကြည့်လိုက်သည်၂နာရီ၊ ကားပေါ်မှလူတွေကလည်း တယောက်ပြီးတယောက် ဆင်းသွားကြသည်။ ကားထဲမှအပြင်သို့ရောက်သော် ပထမဆုံးခံစားလိုက်ရသည်က ခပ်ပြင်းပြင်းရှိလှသော လေ….လေပြေလို့တော့ နာမည် မတပ်ချင် အဘယ့်ကြောင့်ဆိုသော် ကျွန်မမျက်နှာကို နူးညံ့ညင်သာစွာတိုက်ခတ် မသွားသောကြောင့်ဖြစ်သည်။ ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်သော် စားသောက်ဆိုင်တဆိုင်ရှေ့ဖြစ်သည်အရမ်းအေးသည့် ဒီလို အချိန်မျိုးတွင် ကော်ဖီပူပူတခွက်လောက်သောက်လိုက်ရရင် အဆင်ပြေနိုင်မည်မှန်းသိရက်နှင့် ထိုဆိုင်ထဲသို့ ကျွန်မ မသွားဖြစ်ခဲ့ပေ။လက်ဘေးပလက်ဖောင်းပေါ်ခြေပြစ်လက်ပြစ်ထိုင်ရင်း ခရီးသွားနေကြတဲ့ ကားတွေကလည်း ကျွန်မရှေ့မှလှစ်ကနဲ လှစ်ကနဲ ပြေးသွားတာကို ထိုင်ကြည့်ဖြစ်သည်။ နောက်တွင်ကပ်ပါလာသည့်ဆောင်းရနံ့သင်းသည့်လေကြမ်းများကလည်း ကျွန်မဆံပင်တွေ လွင့်ခါသွားသည့်အထိ တိုက်ခတ်နိုင်ကြသည်။ သို့သော် ကျေနပ်စွာနှင့် ကျွန်မ ပလက်ဖောင်းပေါ်တွင် အတော်ကြာသည်အထိ ဆက်ထိုင်ဖြစ်သည်။ ကားပေါ်ပြန်တက်သော ခရီးသည်များစုံခါနီးမှ ကျွန်မလည်းကားဆီသို့ ပြန်လျှောက်လာဖြစ်သည်။ ကိုယ့်ထိုင်ခုံဆီသို့အကြည့်များကို ပို့ထားသော်လည်း ကျွန်မမြင်ကွင်းထဲကို ဇွတ်တိုးဝင်လာသော အရာတခုကို ကျွန်မသတိထားမိသည် ။ ပထမ မျက်ခုံးထူထူတွေဖြစ်သည် နောက် မေ့စေ့အောက်မှ မှဲ့နက်ကလေးတလုံးဖြစ်သည် ။ (သူ)လို့ ကျွန်မနှုတ်ကရွတ်မိလားမရွတ်မိလား သေချာမသိပါ ။ ကျွန်မအမြင်မှားတာလား ၊ အမှားမြင်တာလား မတွေးချင်ပါ ။ ဒါပေမယ့် ထိုသူ၏ မျက်ဝန်းများသည် ကျွန်မရင်းနှီးသော မျက်ဝန်းများမဟုတ်ပါ ။ အကြည့်တွေအားလုံးကို လွှဲကာ ကျွန်မနေရာဆီသို့သာ ကျွန်မ လှမ်းလာမိတော့သည်။ ဒီအချိန်မှာ သူ့အကြောင်းမတွေးတာအကောင်းဆုံးပင်ဖြစ်မည်ဆိုတာ ကျွန်မကိုယ်ကျွန်မကောင်းကောင်းသိလေသည်။ ကျွန်မခေါင်းပေါ်တွင် တည့်တည့်ဖွင့်ထားသော အဲကွန်းကိုလည်း အပြစ် မတင်တော့ပဲ အိပ်ဖို့စဉ်းစားလိုက်သည်။ အမြင်တွေေ၀၀ါးနေသော ကျွန်မမျက်လုံးကို ဆရာဝန်ပြဖို့ သင့်ပြီဟုတွေးရင်း လက်မှ နာရီကိုကြည့်လိုက်သည် မနက် နှစ်နာရီခွဲပြီ ။
အပြင်ကနှင်းကအပြင်အတွက်အေးသလို ကားထဲက အဲကွန်းကကျွန်မအတွက်အေးသည် ။ ဘာပဲဖြစ်ဖြစ် ကျွန်မမျက်လုံးမှိတ် ကြိုးစားပြီးအိပ်ပြစ်လိုက်ဖို့ ကိုယ့်ကိုယ်ကိုယ်ပဲ အမိန့်ပေးလိုက်တော့သည်။ ………

အတိတ်တို့လွန်သောဒုတိယပိုင်းဆက်ရန်........

(ဟိန်းလေး)